CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, November 28, 2008

ကျောင်းတော် ကွန်ပျူတာရဲ့ သမိုင်းနောက်ခံ ရာဇ၀င် စာမျက်နှာ


ဒီပို့စ်ကတော့ အင်း...ဘယ်လိုပြောရပါ့...ဘာကိုမှနစ်နာစေတော့ရယ်လို့ရေးတာ မဟုတ်ပါဘူး... ကျွန်တော့်တုန်းကလို ကွန်ပြူတာဝါသနာပါတဲ့ ညီညီမငယ်တွေ ယောင်လည်လည်ဖြစ်မှာ စိုးလို့ရေးလိုက်ရတာ...။ ဘာကြောင့်လဲမသိဘူး...ကွန်ပြူတာတက္ကသိုလ်ကျောင်းဆင်းတော်တော်များများဟာ ကျောင်းအကြောင်း ဟုတ်တိုင်းမှန်ရာတွေ ပြောဖို့အင်မတန်ဝန်လေးကြတယ်...ကျွန်တော့်တုန်းကလဲ အဲဒါကြောင့်ပဲ သုံးနှစ်လောက် ပေါက်ကရတွေဖြစ် စိတ်ကျရောဂါတွေရနဲ့ တော်တော်ဗျာများခဲ့တာ... အဲဒါကြောင့်မနေနိုင်မထိုင်နိုင်ရေးလိုက်တာပါ...(အင်း...ကိုယ့်တာဝန်လွတ်အောင်လဲ ပြောရသေးတယ်..မြန်မာပြည်များတယ်မနိပ်ပါလားနော်)
မြန်မာပြည် ပညာရေးကတော့ အားလုံးသိတော်မူကြတဲ့ အတိုင်း ၁၀တန်းကို အတင်းနားဖျင်း ပုံအော…အမှတ်ကောင်းရင် ဆေးကျောင်း၊ အင်ဂျင်နီယာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ၁၉၉၀ ကျော်လွန်လာပြီးတဲ့နောက် ကွန်ပြူတာဆိုတဲ့ ပစ္စည်းလေး ထွန်းကားလာတော့ ဒို့မြန်ပြည်မှာလည်း ပညာရှိကြီးများက "ဟ…ကွန်ပြူတာတက္ကသိုလ်ဆိုတာလေးတော့ ဖွင့်ဦးမှ တော်မဟေ့"ဆိုပြီး ကွန်ပြူတာတက္ကသိုလ်ပေါ်ပေါက်လာသပေါ့။ အဲဒီတော့ မြန်မာပြည်ပညာရေးမှာ နောက်ထပ် ကွန်ပြူတာ ဆိုတဲ့ ပုံသေနည်းတစ်ခုပေါ်လာတယ်လေ...။ဟိုးရှေး မူလအစဦးပကတူး အာစီတူးထဲမှာ ကွန်ပြူတာ တက္ကသိုလ်ကြီး တောက်ပြောင်ခဲ့စဉ် ဘာညာကွိကွတွေ ကျွန်တော်မမီ လို့ မရေးတော့ပါ။ ကျွန်တော်ရေးမှာကတော့ ကျွန်တော် သုံးနှစ်တိတိ ကျင်လည်ခဲ့တဲ့ "ရန်ကုန်ကွန်ပြူတာတက္ကသိုလ် လှော်ကား"အကြောင်းပါ။ ဘိုလိုမှုတ် အဲ ပြောရမယ်ဆိုရင်တော့ University of Computer Studies, Yangon (Hlawgar) - အတိုကောက် UCSY ပေါ့ဗျာ။ ဘော်ဘော်တစ်ချို့ကတော့ UCAssYလို့ခေါ်သဗျ။ ဘာဖြစ်လို့ဆိုတာတော့ အသေချာတော့ သိဘူးခင်ဗျ။ Assholes တွေပေါလို့လို့တော့ ကြားဖူးတယ်။ Asshole ဆိုတာ ဘယ်လို hole မှန်းတော့ သူတို့ ဘိလပ်က သိုးဆောင်းစကားသေသေချာချာမတတ်တာနဲ့ မသိပေါင်။ ရန်ကုန်မြို့ကနေ ကိုယ်ပိုင်ကားနဲ့ ၁နာရီ ကျော်ကျော်လောက်ခရီးမှာ သာဓုကန်ဆိုတဲ့ ရွာကလေးရှိတယ်။ အဲဒီရွာလေးကနေ တစ်မှတ်တိုင် အကျော်မှာ "ရန်ကုန်ကွန်ပြူတာတက္ကသိုလ်" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရလိမ့်မယ်။ တွေ့ပြီဆိုရင် ဝင်လာလိုက် တစ်လှမ်း နှစ်လှမ်း သုံးလှမ်း ….ဆယ်လှမ်း… "ရပ်"။ ခင်ဗျား ဝင်လို့မရတော့ဘူး။ ဘာကြောင့်ဆို ခင်ဗျားဝတ်လာတာ "သရုပ်ပျက်အဝတ်အစား"ကိုဗျ။ ဒီနေရာမှာ "အောင်မာ… ငါဝတ်လာတာ European Suit အစစ်ကွ" ဆိုညားအံ့။ မရပါ….ကွန်ပြူတာ တက္ကသိုလ်သည် Logicalကျကျစဉ်းစားပြီး အလုပ်လုပ်တဲ့အတွက် မြန်မာပုဆိုးရှပ်အင်္ကျီ မဟုတ်ရင် သရုပ်ပျက်အဝတ်အစားလို့ သတ်မှတ်ပါတယ်။ သို့အတွက် အိမ်ပြန်ပြီး အဝတ်အစားလဲပါ။ ပြီးမှ ပြန်လာပါ။ အဲဒါခင်ဗျားအတွက် အန္တွရာယ်ကင်းပါတယ်။ ဒီထက် အန္တရာယ်ကင်းချင်ရင်… ကျောင်းဝတ်စုံဖြစ်တဲ့ ရှပ်အဖြူနဲ့ ပုဆိုး စိမ်းပြာသာဝတ်လာပေတော့။ အဲဒါဆို ခင်ဗျား ဘာကြီးဖြစ်နေနေကျောင်းထဲဝင်လို့ရတယ်။ကုန်ကုန်ပြောရရင် ကျောင်းဝတ်စုံဝတ် ဗုံးကြီးလွယ်ပြီး ကျောင်းထဲဝင်သွား ဘယ်သူမှ ဘာမှမပြောဘူး။(ဘာထင်တာလဲဗျ ရေဗုံးတို့ ဆီဗုံးတို့ ပြောတာ)။ တခြားဝင်လို့ရတဲ့ မလွယ်ပေါက်တွေတော့ရှိတယ်...မပြောတော့ဘူး တော်ကြာ BaganNetလို အဲဒီအပေါက်တွေ လိုက်ဘန်းလိုက်ရင် ကျောင်းသားတွေ ဒုက္ခောဖြစ်ကုန်လိမ့်မယ်…။အဲဒီနေရာကနေ ဝင်လို့ရလာပြီဆိုပါတော့…။ အဲဒီလမ်းမကြီး (ကွန်ပြူတာရဲ့ အဓိပဓိ လမ်းမကြီးလေ)ကျွန်တော်တို့ကတော့ တော်ဝင်လမ်းကြီးလို့ခေါ်ကြတယ်…။ တော်တော်ကြီးဝင်ရလို့…။ ဟို... မြကျွန်းညိုညိုကြီးက အဓိပဓိလမ်းကြီးနဲ့တော့ မိုးတွင်းမှာ ဗွက်ပေါက်တတ်ပြီး နွေနဲ့ဆောင်းမှာ ဆာဟာရကန္တာရလို ပူတာကလွဲရင် သိပ်မကွာပါဘူး…။ အဲဒိအတိုင်းဝင်လာလိုက်လို့ မုဒ်ဝကျော်တာနဲ့ တွေ့ရမှာက တစ်ပင်ထီးထီး (သစ်ပုပ်ပင်ကြီးမဟုတ်ပါ) ကုက္ကိုလ်ပင်ကြီးတွေ့ရလိမ့်မယ်…ဘေးတစ်ဖက်တစ်ချက်မှာတော့ ကျွန်တော်တို့ First Year တုန်းကစိုက်ထားတဲ့ ရေမရလို့ သေနေတဲ့ ရေတမာလို သပြေလို အပင်လေးတွေရှိတယ်…။ အဲဒီအပင်လေးတွေကို အသာထား အရေးမကြီးဘူး။ တကယ့်အရေးအကြီးဆုံး the most important thing ကိုပြမယ်...။ ကျွန်တော် အခုနကပြောတဲ့ ကုက္ကိုလ်ပင်ကြီးကို မော့ကြည့်လိုက် "ကျောင်းခေါ်ချိန် ၇၅% မပြည့်မီပါက စာမေးပွဲဖြေဆိုခွင့် မပြု"ဆိုတဲ့ဆိုင်းဘုတ်ကြီး...အဲဒါအရေးအကြီးဆုံးပဲ...အံမယ် ဘယ်လောက်အရေးကြီးလဲဆို ဟိုတလောတုန်း နာဂစ်ဝင်တုန်းကပေါ့..။ ကျောင်းလဲနာဂစ်ဒဏ် အတော်ခံလိုက်ရတယ်...မှန်တွေကွဲ...သွပ်တွေလန်နဲ့ စာသင်လို့မဖြစ်အောင်ကို ဖြစ်သွားတယ်...။ ဘုတ်ကြီးလဲ လေနဲ့ ပါသွား..၊အစအနတောင်ရှာမရတော့ဘူး...။ အဲဒီမှာ ကျောင်းကဂေါ်ဇီလာ (ပါချုပ်ကိုခေါ်ခြင်းဖြစ်ပါသည်)ကသွပ်တွေမိုးဖို့ မှန်တွေကာဖို့ ကိစ္စကို ခဏအေးထားပြီး အဲဟိုဘုတ်ကြီးကို အရင် အသစ်ပြန်ရေးဆွဲပြီးတပ်ဖို့ အမိန့်ထုတ်သဗျ...အဲလောက်အရေးကြီးတာ....မခန့်လေးစားတော့သွားမလုပ်နဲ့ ဘာမှတ်လဲ...။ကျွန်တော်တို့တုန်းကတော့ ကျောင်းထဲတစ်ခါဝင်ရင် အဲဒီဘုတ်ကြီးကိုတစ်ခါ ခဲနဲ့ထုတယ်...ခင်ဗျားဝင်သွားရင်လဲ ကြည့်လိုက် အဲဒီမှာ ခဲပေါက်ရာအသစ်တွေတွေ့လိမ့်မယ်...ကျွန်တော်တို့လက်ရာတွေကတော့ နာဂစ်နဲ့ပါသွားပြီ။ အဲဒီကုက္ကိုလ်ပင်မှာ ရုက္ခစိုးရှိရင် တော်တော်စိတ်ညစ်မှာ...။ အဲဒီအပင်ကြီးကလည်း ဟို သစ်ပုပ်ပင်ကြီးလို ချစ်သူတွေ ကြည်နုးတဲ့ နေရာတော့မဟုတ်ဘူး..။ ဘယ်....ကြည်နုးဖို့နေနေသာသာ ဘုတ်ကြီးကြည့်ပြီးတွန့်တွန့်သွားလို့ လန်းဆန်းနုနယ်တဲ့ စိတ်လေးတွေ ဘယ်ရောက်သွားမှန်းသိမှာတောင် မဟုတ်ဘူး။ တချို့အသည်းကွဲပြီး မူးမူးရူးရူးနဲ့ လာထိုင်တဲ့ကောင်တွေပဲရှိမယ်...တချို့ကတော့ သေးပေါက်ပေါက်သွားကြတယ်...။ လူကောင်းဆို အဲဒီအပင်အောက်ယောင်လို့တောင် မလာဘူး...။ အဲကို ရောက်ဖို့ ပူပူလောလောကြီးကို လျှောက်ရမှာကိုး...။ကဲ နေပူထဲ လျှောက်လာလို့ တော်တော်ပင်ပန်းသွားပြီ...။ အဲဒီတော့ မိန်းဆောင်က ဆင်ဝင်ကြီးအောက်မှာ ခဏအနားယူပေါ့...လေလေးကတဖြူးဖြူးနဲ့အင်မတန်ကောင်းတယ်...သဲလေးကျလိကျလိတော့ နည်းနည်းသည်းခံပေါ့..တခုရှိတယ်...အပေါ်တော့မော့မကြည့်နဲ့နော်...အပေါ်မှာ မျက်နှာကျက်ပြားကြီးတွေ ဘတ်လတ်ဘတ်လတ်နဲ့ ပြုတ်ကျဖို့ တာစူနေကြတယ်...မော့ကြည့်လိုက်လို့ ပြုတ်ကျသွားရင် ခင်ဗျားတာဝန်ဖြစ်နေဦးမယ်..။ ပြီးတော့...ကား...ဟုတ်တယ် ဒါကပိုအရေးကြီးတယ် အရေးကြီးဆုံးပဲ...အဲဒီနားမှာ Toyota Van ဖင်ကောက်လေးတစ်စီးရပ်ထားလား ကြည့်လိုက်ဦး..။နံပတ်တော့ မမှတ်မိတော့ဘူး...။ ရပ်မထားရင် အင်း နည်းနည်းနေလို့ရမယ်..။ မုခ်ဝကို မပြတ်စောင့်ကြည့်ပါ.။ အဲဒီလို ကားလေးများပေါ်လာရင် အခြေအနေကြည့်ပြီး လစ်ပေတော့...။ မိတ်ဆွေကောင်းကျိုးပြောတာပါ။ အဲဒါ ဂေါ်ဇီလာရဲ့ကား၊ မပြေးရင် ဂေါ်ဇီလာ အနင်းခံရမှာ စိုးလို့ ပြောတာ...အခုတော့ ခင်ဗျားကို ကျောင်းထဲလိုက်ပြရဦးမယ်...။ကျောင်းဆောင်တွေထဲလဲ အားရင်ရှောက်ကြည့်လိုက်ဦး...corridorတစ်လျှောက်ဟာ အထက်တန်းကျောင်းကဲ့သို့ ရှင်းလင်းနေပြီး ဗိုင်းကောင်းကျောက်ဖိ စာသင်ခန်းတွေကို တွေ့ရမယ်... ကျွန်တော်တို့လို လတ်လျာလတ်လျားသမား ၁၀ ယောက်ထက်ပိုရင် ကျွန်တော့်လာပြောဗျာ...ကျောင်းကကန်တင်းမှာ ကုန်းဆင်းအဝတိုက်မယ်...အစ်ကို အစ်မ အန်ကယ် အန်တီ အဖိုး အဖွားတွေ ခေတ်ကလို စာသင်ခန်းတွေရှေ့မှာ လာစောင့်တာတို့...ခေါက်တုန့်ခေါက်ပြန်လျှောက် ရည်းစားစကားပြောတာတွေတို့ တွေ့ရမှာမဟုတ်ဘူး...ဘယ်တွေ့ရမတုန်း...ယောင်္ကျားလေး၊မိန်းကလေး လက်ချင်းတွဲသွားလို့ လမ်းမှာ ဂေါ်ဇီလာ ဒါမှမဟုတ် ဒိုင်နိဆောတွေ (ဒါက မော်ကွန်းထိန်းတွေကို ပြောတာ) တွေ့လို့ကတော့ ခင်ဗျားတို့တွေ လစ်ပြီပဲ...လာထားကျောင်းသားကတ်...ပြီးရင်ရုံးခန်းလိုက်ခဲ့ပေတော့...ပြီးရင်....ဒန်တန့်တန်...အိမ်ကမသိအောင် ရည်းစားထားကာမှ ရပ်ကျော်ရွာကျော်ကို ဖြစ်လို့..။ အံမယ် ကျောင်းမှာ တချို့ လင်မယားတွေရှိသဗျ...။ ညားကာစ လူငယ်တွေဆိုတော့ ကျောင်းမှာလာ လက်ချင်းတွဲလျှောက် ဂေါ်ဇီလာတွေ့လို့ ရုံးခန်းရောက်၊ သောက်ရှက်ခွဲမယ်ဆိုပြီး မိဘတွေ ခေါ်... မိဘတွေရောက်လာလို့ "ကျွန်တော့်သားနဲ့ချွေးမ ဘာဖြစ်လို့လဲခင်ဗျာ"ဆိုတာ တွေလဲ ရှိသေးတယ်...။ ထားပါတော့...။ ခင်ဗျားက ကျောင်းထဲရောက်နေပြီ...။ ကျုပ်မှာ ခင်ဗျားကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ရမယ့်တာဝန်ရှိတယ်...။ လာ..လာ...ခင်ဗျား အန္တရာယ်က မလွတ်သေးဘူး...။ တော်ကြာ ဒီလူမတွေဖူးဘူးဆိုပြီး အပြင်ဆွဲထုတ်လို့ ဒုက္ခရောက်နေဦးမယ်...။ အန္တရာယ် အကင်းဆုံးကန်တင်းသာလိုက်ခဲ့ပေတော့...။ ကန်တင်းကတော့ ကျောင်းသားတွေရဲ့ DMZ လို့ပြောလို့ရတယ်…ဒါပေမယ့် တအားပူတယ်ဗျာ..ဈေးကြီးပေမယ့် စားစရာတော့ မကောင်းဘူး။ ဒါပေမယ့် လုံခြုံတယ်။ …အံမယ်...ဒါတောင် သိပ်စိတ်မချရဘူး...ကန်တင်းဘေးမှာ တရားမဝင် ဖူဆယ်ကွင်းရှိတယ် (ကျောင်းမှာ မည်သည့် အားကစားကိုမျှ ခွင့်မပြု)အဲဒီက ဘောလုံး တခါတလေ လာမှန်တတ်တယ်...။တခါတလေ ဂေါ်ဇီလာစိတ်ကူးပေါက်လို့ ဘောကွင်းကိုလာဖမ်းတာဖြစ်ဖြစ် ဝက်ကြီးဖြစ်ဖြစ် တိုင်ပတ်မူးတဲ့ကောင်ဖြစ်ဖြစ် လာမယ်ဆိုလို့ နယ်မြေရှင်းလင်းပြီဆိုရင် ကန်တင်းကလဲ စိတ်မချရဘူး...အဲဒီတော့...မထူးပါဘူးဗျာ သာဓုကန်သာသွားကြစို့...နေဦး...ဒါလဲ...တခါတလေ ဂေါ်ဇီလာလိုက်လာတတ်သေးတယ်...ဂါးး...ကွန်ပြူတာမှာ နေရာရှာရတာ တော်တော်ခက်တာကလား...။ လာဗျာ သာဓုကန်ဟိုး...အတွင်းထဲက ခေါင်ရည်ဆိုင်တွေဆီသွားကြစို့...။မကြောက်ပါနဲ့ဗျ။ အဲဒီ အထိတော့ လိုက်မလာတော့ပါဘူး...။ ဒီမှာဆောင်းတွင်းဆို ထန်းရည်တို့ ကြွက်သားတို့ရတတ်တယ်။...ကွန်ပြူတာကျောင်သားတွေရဲ့ တစ်ခုတည်းသောနိဗ္ဗာန်ဘုံပေါ့ဗျာ...။ကဲ...ဒီနေ့တော့ ခင်ဗျားကို ကျောင်းထဲ စုံအောင်လိုက်ပြပြီးပြီ။ ဒါတောင် ခင်ဗျားကို ဒီဆောင်ဖဲဝိုင်းတို့ DSAဖဲဝိုင်းတို့ လိုက်မပြ လိုက်ရဘူး…ရှိသေးလား မရှိတော့ဘူးလားလဲ မသေချာလို့ပါ…။ နောက်နေ့ကျရင် ကျွန်တော်တို့ စာသင်ခန်းတွေထဲ ခေါ်သွားဦးမယ်...။
U.C.S.Yအမှတ်တရ သူငယ်ချင်းများအတွက်
လင်းအာရုဏ်
ပြန်ပြောင်းစီမံ x x (ညဆည်းဆာ)
၀၀၀၈.၀၀၁၁.၂၀၀၈ (စနေ နေ့ခင်း)
.. .. အပြင်လူ မဖတ်ရ .. ..

0 comments: